လူ့အခွင့်အရေးနှင့် ဝေးကွာနေဆဲ မြန်မာပြည်သူများ

Click to enlarge  

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အဖွဲ့၏ အကျိုး သက်ရောက်မှု မရှိသော မြန်မာပြည် ခရီးစဉ်တစ်ခု ပြီးဆုံးသွား ချိန်တွင်

 မြန်မာ့နိုင်ငံရေး အကဲခတ်များက လူ့အခွင့်အရေး ဆုံးရှုံးနေရသော မြန်မာပြည်သူများအား ညှိနှို်င်းဆွေးနွေးမှု နည်းလမ်း များဖြင့် ကယ်တင်နိုင်မည်မဟုတ်ကြောင်း ဝေဖန်အကြံ ပြုသွားကြသည်။ ကုလအထူးအဖွဲ့များ အကြိမ်ကြိမ် စေလွှတ်ခဲ့ခြင်းမှာ အကျိုးမဲ့လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးတွင် တိုးတက် မှုတစ်စုံ တစ်ရာ မရှိသေး ခြင်းက အခိုင်အမာ သက်သေပြုနေသည်။

ကမာ္ဘပေါ်တွင် ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံ တစ်ခု ဖြစ်သော မြန်မာနိုင်ငံရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် ဆူးလေစေတီတော် မြတ်ကြီး တို့ ခြေရင်း တွင်ပင် ဗုဒ္ဓ၏သားတော် ရဟန်းသံဃာများအား ရက်စက်စွာ ရိုက်နှက်၊ ပစ်ခတ် သတ်ဖြတ် ခဲ့သော မြန်မာ စစ်အစိုးရ မှာ ကုလသမဂ္ဂ၏ အချိန်ကုန်ပြီး အကျိုးမရှိသော လုပ်ထုံးလုပ်နည်းများ အတွက် တုန်လှုပ်မှု မရှိသည် မှာ ထင်ရှားနေပြီဖြစ်သည်။

ကုလသမဂ္ဂကဲ့သို့ ကမာ္ဘ့ငြိမ်းချမ်းရေးအဖွဲ့ကြီးမှ အထူးကိုယ်စားလှယ်ဖြစ်သော မစ္စတာအီဘရာဟမ် ဂမ်ဘာရီ အား မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ခံတွေ့ ဆုံခဲ့ခြင်း မရှိမှုက ကုလသမဂ္ဂ၏ ဆောင်ရွက် ချက် များအား အလေးမထား ကြောင်း ပေါ်လွင်နေသည်။

အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မစ္စတာဂမ်ဘာရီအနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများ အတွက် ဖြေရှင်းပေး နိုင်ရန် သင့်တော်သော ပုဂ္ဂိုလ်မဟုတ်ဟု ယုံကြည်လာပြီး မစ္စတာဂမ်ဘာရီအား တွေ့ဆုံရန် ငြင်းပယ် လိုက်သောအခါ ယခုနောက်ဆုံး မြန်မာပြည်သို့ လာရောက်ခဲ့သည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်မှာ လုံးဝ ဥဿံုနီးပါး တန်ဖိုးမဲ့သည့် အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂမှ မြန်မာအစိုးရထံသို့ အကြိမ်ကြိမ် တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ညှိနှိုင်း အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး စသည့် ခေါင်းစဉ်များ မှာ လေနှင့်အတူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လက်ရှိ အနေအထား အရ စိတ်ဝင်စားဖွယ် မေးခွန်းမှာ ညှိနှိုင်း မှုများနှင့် အကျိုးမ ဖြစ်ထွန်းသည့် မြန်မာနိုင်ငံအရေး ကို မည်သည့်နည်းလမ်းဖြင့် အဖြေရှာသွားရမည်ဆိုသော အချက်ပင် ဖြစ်သည်။

လူ (၁၃၈၀၀၀) ကျော် သေကြေ ပျက်စီး စေခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီး၏ ဒဏ်အား ပြည်သူများ မရှုမလှ ခံစားနေရချိန်တွင် ၎င်းတို့အလိုရှိသည့် အချက်အလက် များစွာကို ထည့်သွင်း ရေးဆွဲထားသော ဖွဲ့စည်းပုံ ဥပဒေသစ်အတွက် အတင်းအကျပ် ဆန္ဒမဲကောက်ခံခဲ့သည့် မြန်မာအစိုးရ ၏ ပြည်သူများအပေါ် ချစ်ခင် ငဲ့ညှာစိတ်မှာ မော်ကွန်းထိုး မှတ်တမ်း တင်ထား သင့်ပါသည်။

အမေရိကန် ဦးဆောင်သော နိုင်ငံများ အနေဖြင့် မြန်မာအစိုးရအား စီးပွားရေး ပိတ်ဆို့ အရေးယူနေမှုမှာလည်း အကောင်းဆုံး အဖြေတစ်ခု မဟုတ်နိုင်ပါ။ ပြည်သူတို့က ၎င်း တို့လိုလားသော လွတ်လပ်သည့် ဒီမိုကရေစီစနစ် အား အကောင်အထည် ဖော်ပေးနိုင်မည့် သူရဲကောင်း တစ်ဦး အဖြစ် မြတ်နိုး ချစ်ခင်ကြသော ဒေါ်အောင်ဆန်းစုကြည် မှာလည်း နေအိမ် အကျယ်ချုပ် တွင်သာ နှစ်ပေါင်းများစွာ အချိန်ကုန် နေရရှာသည်။

စစ်တပ် ဗိုလ်ချုပ်များ ၏ မိသားစုများ နှင့် သာမန် ပြည်သူများ အနေဖြင့် `လူ့အခွင့်အရေး´ ဆိုသော စကားလုံး တစ်လုံး ထဲကို အဓိပ္ပါယ်နှစ်မျိုး ကွဲပြားစွာ နားလည်နေကြသည်။

ဆိုးရွား စုတ်ပြတ် နေသော အမှောင်ထု ထဲတွင် ရောဂါပိုးများ၊ ငတ်ပြတ်ဆင်းရဲမှုများ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများနှင့် ဘဝအနာဂါတ် ပျောက်ဆုံးနေကြရှာသော မြန်မာပြည်သူများ၏ လွတ်လပ်ရေး အိပ်မက်အတွက် ကုလသမဂ္ဂ မှ ဆောင်ရွက် ပေးနိုင်သည်မှာ အကျိုးမရှိသော ဆွေးနွေးပွဲများ သာဖြစ်သည် ဆိုလျင်တော့ လက်နက် အားကိုးနှင့် လက်ရဲဇက်ရဲ လူသတ်နေသော မိစ္ဆာအစိုးရ လက်အောက်မှ နင်းပြား မြန်မာပြည်သူ များ ၏ ဘဝမှာ သန်းခေါင် ထက် ညဉ့်နက် နေဦး မည်မှာ အမှန်ပင်ဖြစ်ပါသည်။

လမ်းပေါ်ထွက် ဆန္ဒပြပြီး ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့ကြသော သာသနာ့အာဇာနည်၊ လူအာဇာနည်များ ပေးဆပ်ခဲ့ရသည့် သွေးစက်၊ ချွေးစက်များအတွက် ကုလသမဂ္ဂ အနေဖြင့် ဆွေးနွေးမှု၊ ငြင်းခုန်မှုနှင့် သံတမန် ဆန်ဆန် အပြံုးတုများ ထက် အမှန်တကယ် ထိရောက်မည့် နည်းလမ်း တစ်ခုအား အမြန်ဆုံး ရှာတွေ့နိုင်ပါစေဟု မြန်မာပြည်သူ တစ်ရပ်လုံးက မျှော်လင့်တောင့်တ လျက်ရှိနေ ကြပါ တော့သည်။

 

သတင်း – ခိုင်ဇင်လတ် ( လူထုအသံ – ရန်ကုန် )

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here