ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း စစ်အစိုးရ ၏ ဖိနှိပ်မှု များ

Click to enlarge

မြန်မာနိုင်ငံအတွင်းရှိ ဒီမိုကရေစီရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုကြသူများအား မြန်မာအစိုးရက ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းခဲ့သည့် စက်တင်ဘာ ဖြစ်ရပ်

ဆိုးကြီး ဖြစ်ပွားခဲ့ သည်မှာ တစ်နှစ် ကျော်မျှ ကြာမြင့် ခဲ့ပြီဖြစ်  သည်။ သို့သော်လည်း စစ်အစိုးရအနေနှင့် အဆိုပါဆန္ဒပြမှုအတွင်း ပါ၀င်ပတ်သတ်ခဲ့သူများအပေါ် ယခုတိုင် အညှိုးမပြေနိုင်သေးပေ။ အထူးသဖြင့် စက်တင်ဘာလှုပ်ရှားမှုကြီးအတွက် ဦးဆောင်ဦးရွက်ပါ၀င်ခဲ့သော ရဟန်းတော်များမှာ စစ်အစိုးရ၏ မျက်စိဒေါက်ထောက် စောင့်ကြည့်မှုအောက်တွင် မလူးသာမလွန့်သာနှင့် အနေအထိုင် ကျဉ်းကြပ် နေဆဲဖြစ်ကြောင်း သိရှိရသည်။

            လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရသည် ကမာ္ဘ့နိုင်ငံအသီးသီး၏ မျက်မုန်းကျိုးမှုကို ခံနေရသော်လည်း ၎င်းတို့၏ အကြမ်းဖက်မှုလုပ်ရပ်များကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်။ ရဟန်းတော်များ အပါအဝင် ဆန္ဒပြသူများကို ရက်ရက် စက်စက် ပစ်ခတ်ခဲ့သလို ဖမ်းဆီး ထားသော နိုင်ငံရေး အကျဉ်းသားများ ကိုလည်း ဆက်လက် ထိန်းသိမ်း ထား ဆဲဖြစ်သည်။ ထို့အတူ မြန်မာပြည်သူများ မှာလည်း လွတ်လပ်ခွင့် ဆုံးရှုံးနေကြမြဲပင် ဖြစ်သည်။ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း မြန်မာ ဘုန်းတော်ကြီးများ အနေနှင့် စစ်အစိုးရ၏ ပစ်မှတ်သဖွယ်ဖြစ်လာပြီး ၎င်းတို့၏ဘဝမှာ လုံခြံုမှု မရှိ သလို ဖြစ်လာခဲ့ သည်ဟု ထုတ်ဖော်မြွက်ကြားခဲ့ကြသည်။

         မြန်မာနိုင်ငံအတွင်းရှိ သံဃာ့အဖွဲ့အစည်းများအနေနှင့် အချင်းချင်းရိုင်းပင်းမှုဖြင့် စစ်အစိုးရ၏ လှုပ်ရှားမှုများကို ဝေမျှသတင်းပေးနေကြရသည်ဟုဆိုသည်။ စက်တင်ဘာ ဖြစ်ရပ်နောက်ပိုင်း သံဃာတော်များအား နိုင်ငံတော် ပုန်ကန်သူများ သဖွယ် စစ်အစိုးရက သဘောထား ချမှတ်ခဲ့ပြီး တင်းကြပ်စွာချုပ်ခြယ်မှုများ ပြုလုပ်လာခဲ့သည်။ အထူးသဖြင့် စက်တင်ဘာ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါ၀င်ခဲ့သော ကိုယ်တော်များ သီတင်းသုံးရာ ကျောင်းတိုက် များ ပတ်ဝန်းကျင် တွင် အမြဲ စုံစမ်းထောက်လှမ်းနေတတ်သည်။

         မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ အလွန်စည်ပင်ထွန်းကားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်သူများနှင့် ရဟန်းသံဃာများအကြား အလွန်ပွင့်လင်းနွေးထွေးသော ဆက်နွယ်မှုများရှိပြီးဖြစ်သည်။ မေလအတွင်းက ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းကြီးအပြီး အိုးအိမ်ဆုံးရှုံးပြီး အသက်ရှင် ကျန်ရစ်သူများအတွက် မြန်မာ ဘုန်းတော်ကြီး ကျောင်း များမှာ ဒုက္ခသည်စခန်းများသဖွယ် ဖြစ်လာကြသည်။ နောက်ပိုင်းတွင် မြန်မာအစိုးရက ဘုန်းတော်ကြီး ကျောင်း များတွင် ဒုက္ခသည်များ လက်ခံထားမှုကို တားမြစ်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ လေဘေးသင့် ဒုက္ခသည်များ ၏ (၇၀) ရာခိုင်နှုန်းကျော်ကိုလည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လျစ်လျူရှုခဲ့ သည်။

      မြန်မာအစိုးရအနေနှင့် ပြည်သူများ၏ လိုအပ်မှုများကို လျစ်လျူရှု ထားရုံမျှမက ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ပြည်သူများအား အသုံးချခိုင်းစေမှုများလည်း ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမာ္ဘပေါ်တွင် ကလေးစစ်သား အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထို ခလေး စစ်သည်များသည် ကမာ္ဘ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲအဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ခိုက်နေကြရသည်။ ထို့ပြင် မြန်မာနိုင်ငံသည် အာရှတိုက် တွင် ခလေး သေနှုန်း ဒုတိယအများဆုံးသော နိုင်ငံအဖြစ်လည်း ရပ်တည်နေသည်။

            ထို့ပြင် မြန်မာအစိုးရသည် နိုင်ငံ့ဝင်ငွေ စုစုပေါင်း၏ (၄၀)ရာခိုင်နှုန်းအား စစ်လက်နက်များ ၀ယ်ယူရန် သုံးစွဲလျက်ရှိရာ ကမာ္ဘပေါ်တွင် ၀င်ငွေ၏ရာခိုင်နှုန်းအများဆုံးကို လက်နက်ဝယ်ယူရေးအတွက် အသုံးပြု နေသော နိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရှိနေသည်။ သဘာဝသယံဇာတ ပေါကြွယ်ဝသော မြန်မာ နိုင်ငံမှ ထွက်ကုန်များ ကို ရောင်းချခဲ့ပြီး လက်နက်များပြန်လည်ဝယ်ယူရန်သာ စစ်အစိုးရ အာဏာပိုင်များ က ကြံစည် စိတ်ကူး နေကြသည်။ စာရင်းများ အရ ကမာ္ဘပေါ်တွင် ဒဿမမြောက် အကြီးမားဆုံး သဘာဝဓာတ်ငွေ့သိုက်ကြီး တည်ရှိနေ သော မြန်မာနိုင်ငံသည် လစဉ်ဓာတ်ငွေ့ ရောင်းချ ရငွေမှပင် ဒေါ်လာသန်း(၁၅၀)ခန့် ရရှိနေကြောင်း သိရှိရသည်။ ထို့ပြင်နောက်ထပ် မဖော်ထုတ်ရသေးသော သဘာဝ သယံဇာတများစွာ မြန်မာ့မြေပေါ်တွင် ရှိနေ သေး သည်။

            ယခုအခါတွင် မြန်မာနိုင်ငံမှ ပြည်သူများ သည် ဆူဒန်၊တိဘက်၊ ချက်ဒ်၊ အနောက် ဆာဟာရဒေသများမှ ပြည်သူများ နည်းတူ လူ့အခွင့်အရေး အဆိုးရွားဆုံး ဆုံးရှုံးနေကြရသည်။ ကုလသမဂ္ဂအပါအဝင် ကမာ္ဘ့ အဖွဲ့အစည်းများ အနေနှင့် မြန်မာ စစ် အစိုးရ အပေါ် ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်နေလင့်ကစား အခြေအနေ မှာ ထူးခြား ကောင်းမွန်လာခြင်းမရှိပေ။ စစ်တမ်းများအရ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက် လာခဲ့အပြီး မြန်မာပြည်သူ များ အပေါ် စစ် အစိုးရ ၏ဖိနှိပ်မှု များ မှာ ပိုမို ရက်စက်ဆိုးရွားလာ နေကြောင်း သိရှိရ သည်။

  ခိုင်ဇင်လတ် ( လူထုအသံ – ရန်ကုန် )

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here