မမေ့နိုင့်သည့် သွေးစွန်းသော မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားမှု များ

Click to enlarge 

ဂုတ်လ (၈) ရက်နေ့က (၂၀၀၈) ခုနှစ် ဘေဂျင်း အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကို တစ်ကမာ္ဘလုံး မှ စိတ်ဝင် တစား စောင့်ကြည့်

ခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှု၏ အထင်ကရ မှတ်တိုင် ဖြစ်သော ရှစ်လေးလုံး အရေးတော်ပုံ   နှစ် (၂၀) ပြည့် နှစ်ပတ်လည်နေ့ဟူသော အချက်မှာ နိုင်ငံတကာ အမြင်တွင် မှေးမှိန်သလိုဖြစ်သွားခဲ့ရသည်။ ဘေဂျင်း အိုလံပစ်ကြောင့် ကမာ္ဘ့မီဒီယာများ၏ အာရုံစိုက်မှု အတန်ငယ်အား ပျော့သွားခဲ့သော်လည်း မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများမှာ (၁၉၈၈)၊ ဩဂုတ် (၈) ရက်နေ့က တူညီသောဆန္ဒနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲ ၀င်ခဲ့ကြသည်ကို မမေ့နိုင်ကြသေးပါ။

ထိုနေ့သည် မြန်မာနိုင်ငံသားတို့၏ လွတ်လပ်မှုကို မြတ်နိုးသောစိတ်ဓာတ်၊ ရက်စက်ကြမ်းတမ်းသော စစ် အာဏာရှင် စနစ် အား တော်လှန်လိုသောစိတ်ဓာတ်တို့အား လှစ်ဟပြခဲ့သည့် မှတ်တိုင်တစ်ခုပင်ဖြစ်သည်။

သို့သော် ကြေကွဲဖွယ်ကောင်းလောက်အောင်ပင် မြန်မာတို့၏ ဒီမိုကရေစီဖော်ဆောင်ရေး ရှစ်လေးလုံး အရေးတော် ပုံကြီးမှာ စစ်အာဏာရှင်အစိုးရ၏ နည်းအမျိုးမျိုး သုံးပြီး ရက်စက်ယုတ်မာစွာ ဖြေရှင်းခဲ့မှုကြောင့် ကျဆုံး ခဲ့ရသည်။ စစ်အစိုးရမှာ ၎င်းတို့၏အာဏာတည်မြဲရေးအတွက် လက်နက်မဲ့ပြည်သူများကို လက်နက် နှင့် အနိုင်ကျင့်ခဲ့သည်။

ထို့ကြောင့် လည်း (၁၉၈၈) ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ပြည်သူတို့၏ ဆန္ဒကိုလျစ်လျူရှုကာ နိုင်ငံ အာဏာအား အကြမ်းဖက်ပြီး ပြန်လည်သိမ်းပိုက်ခဲ့သည်။ စစ်အစိုးရ၏ ရက််ရက်စက်စက် ပစ်ခတ် နှိမ်နင်း မှုများကြောင့် ထိုစဉ်က ဒီမိုကရေစီရေး ဆန္ဒပြတိုက်ပွဲဝင်သူ ပြည်သူ (၃၀၀၀) ခန့်သေဆုံးခဲ့ရသည်။ သွေး နှင့် ရေးပြီး အောင်မြင်မှုမရခဲ့သော ရှစ်လေးလုံးမှာ ယခုအခါ နှစ် (၂၀) ပြည့်ခဲ့ပြီဖြစ်သည်။

Uppsala တက္ကသိုလ်တွင် နိုင်ငံရေး သိပ္ပံ ဘာသာရပ် အား သင်ချ ပို့ချ ပေးနေသော မစ္စတာ Joakim Kreutz သည် ကိုလံဘီယာ၊ မြန်မာနှင့် အာဖရိကဦးချိုဒေသနိုင်ငံများမှ နိုင်ငံရေးအခြေအနေများအား စိတ်ဝင်တစား သုတေသန ပြုလုပ်ခဲ့သည်။ ၎င်း၏မှတ်တမ်းတွင် (၂၀၀၇) ခုနှစ်၊ စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံ၏ အချက် အချာကျသော စီးပွားရေးမြို့တော် ရန်ကုန်တွင် ဆန္ဒပြခဲ့သောပြည်သူများအား ရက်ရက်စက်စက် ပစ်ခတ ်သတ်ဖြတ်ခဲ့သော စစ်အစိုးရ၏လုပ်ရပ်မှာ (၁၉၈၈) ခုနှစ်၏ အရိပ်အငွေ့များကို ထင်ဟပ်စေသည်ဟု ဖော်ပြထားသည်။

ခြောက်ပတ်ကြာ ဆန္ဒပြမှုများအား သွေးလွှမ်းသော အကြမ်းဖက်မှုများနှင့် အကျည်းတန်စေခဲ့ပြီးနောက်တွင် (၁၉၈၈) မြန်မာပြည် ဒီမိုကရေစီကြိုးပမ်းမှု အရေးတော်ပုံကြီး ပြီးဆုံးပြီး စစ်အစိုးရက အာဏာ ကိုဆက်လက်ထိန်းသိမ်းထားလိုက်သည်။

ထို့နောက် မြန်မာ့နိုင်ငံရေးပါတီ အများအပြားပါ၀င်သော ရွေးကောက်ပွဲများ (၁၉၈၈)၊ ဒီဇင်ဘာလတွင် ကျင်းပမည်ဟု မြန်မာစစ်အစိုးရက ကြေငြာခဲ့ပြီး လက်တွေ့တွင်မူ (၁၉၉၀)၊ မေလတွင်မှ ကျင်းပဖြစ်ခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်များအရ ဒေါ်အောင်ဆန်းဆုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က ပြတ်ပြတ်သားသား အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ယုတ်မာကောက်ကျစ်စွာပင် NLD အာ အာဏာ လွှဲပြောင်းရေး ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဒေါ်အောင်ဆန်းဆုကြည် ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်သူများသာမက အမိနိုင်ငံတော်နှင့်ဝေးကွာသော ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် ယနေ့ခေတ် မြန်မာနိုင်ငံသားများမှာလည်း အတိတ်နှစ် (၂၀) ကျော်ကာလက ဖြစ်ရပ်များအား မမေ့နိုင်သေးပေ။ ထို့ပြင် NLD ပါတီအနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ရန်ဆုံးဖြတ်ထားသော မြန်မာစစ်အစိုးရသည် (၂၀၁၀) တွင် ၎င်းတို့စိတ်ကြိုက်ရေးဆွဲပြီး ပြည်သူတို့အပေါ် ခြိမ်းခြောက် ဆန္ဒပြုထားစေသည့် ရွေးကောက်ပွဲအားကျင်းပတော့မည်ဟု တရာဝင်ကြေငြာလိုက်သောအခါ မြန်မာပြည်သူ တို့၏ စစ်အာဏာပိုင်တို့အပေါ် ရွံရှာစက်ဆုပ်သောစိတ်မှာ အလွန်ပြင်းထန်လာခဲ့ကြသည်။

လက်ရှိအနေအထားအရ မြန်မာ့နိုင်ငံရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားနိုင်ရန် အပြောင်းအလဲများ ဖြစ်လာနိုင်မည်လား ဆိုသောမေးခွန်းနှင့် အကယ်၍ အပြောင်းအလဲဖြစ်လာခဲ့သော် ထို အခွင့်အရေးမှာ မည်သို့သောအခြေအနေမှ ပေါ်ပေါက် လာမည်နည်းဆိုသော မေးခွန်းတို့မှာ မြန်မာ့နိုင်ငံရေး အကဲခတ်များက ဂရုတစိုက်အဖြေရှာနေရသော အမှန်တကယ်စဉ်းစားရန် လိုအပ်နေသည့် မေးခွန်းများပင်ဖြစ်သည်။

စစ်အစိုးရသည် နိုင်ငံတော်၏ ပြည်သူပိုင် ဘဏ္ဍာများကိုလည်း စစ်အင်အားတိုးချဲ့ရေးတွင်သာ အဓိကအသုံးပြုခဲ့ရာ (၁၉၈၈) က မြန်မာစစ်သည် ဦးရေ နှစ်သိန်းဝန်းကျင်မျှသာ ရှိနေရာမှ လက်ရှိအချိန်တွင် စစ်သည် လေးသိန်းကျော်ထိ တိုးချဲ့ဖွဲ့စည်းထားသည်။

သို့သော် ကြေကွဲဖွယ်ကောင်းသည်က ပြည်သူမှပေါက်ဖွားလာသော မြန်မာ့တပ်မတော်သည် ပြည်သူကိုကာကွယ်ဖို့ထက် ပြည်သူကိုသတ်ဖြတ်ဖို့သာ အမိန့်ပေးစေခိုင်းခံနေရခြင်းဖြစ်သည်။ မြန်မာအစိုးရ အနေဖြင့် စစ်သည်အင်အားသာမက တရုတ်၊ အိန္ဒိယနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ ခေတ်မီဆန်းသစ်သော စစ်လက်နက် ပစ္စည်းများကိုလည်း ၀ယ်ယူဖြည့်ဆည်းလျက်ရှိနေသည်။

(၁၉၈၈) ခုနှစ်အရေးအခင်းတွင် စစ်အစိုးရအဖွဲ့အား အဓိကကြိုးကိုင်ညွှန်ကြားခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်းမှာ ကွယ်လွန်သွား ခဲ့ပြီဖြစ်သည်။ တစ်ချိန်က လက်ညှိုးညွှန်ရာရွှေဖြစ်ခဲ့သည့် စစ်အာဏာရှင်တစ်ဦး၏ တိတ်ဆိတ်စွာ၊ ခြောက်ကပ်စွာ ပြီးစီးသွားသော ဈာပနအခမ်းအနားကို လက်ရှိမြန်မာစစိအာဏာရူးတို့ သံဝေဂယူရန် စိတ်ကူးမိပုံ မရသေးပါချေ။

(၂၀၀၇)၊ စက်တင်ဘာလအတွင်း ရန်ကုန်မြို့လယ် တန်ခိုးကြီးစေတီတော်များ၏ ခြေရင်း၌ပင် ဗုဒ္ဓ၏သားတော် ရဟန်းသံဃာတော်မြတ်များအား ရက်ရက်စက်စက်သတ်ဖြတ်ရန် ညွှန်ကြားခဲ့သော ဗိုလ်ချုပ်ကြီးသန်းရွှေ တစ်ယောက် ဘယ်နေ့သေပြီး၊ ဘယ်ဘဝ ရောက်မည်ကို ရေးရေးမျှ မိမိကိုယ်ကို သဘောပေါက်မိမည်ဆိုလျင် ၎င်း ၏ လုပ်ရပ်များ မှား၏မှန်၏ ဆုံးဖြတ်နိုင်သော အသိဉာဏ်ပမာဏ လုံလောက်စွာ ရှိမည်ဆိုလျင် ကိုယ့် လုပ်ရပ်များ ကိုယ် ပြန်လည်သုံးသပ်သင့်ပါသည်။

မြန်မာပြည်သူတို့သည် မတရား လက်နက်အားကိုးနှင့် ဖိနှိပ်နေမှုအား မတတ်သာလွန်း၍ ခေါင်းငုံ့ခံနေရကြောင်း (၁၉၈၈) နှင့် (၂၀၀၇) ခုနှစ်တို့တွင် စုစည်းစွာ၊ ညီညွတ်စွာနှင့် သက်သေပြခဲ့ပြီးဖြစ်သည်။ (၂၀၀၈) ခုနှစ် ဘေဂျင်း အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားကို ခမ်းနားသိုက်မြိုက်စွာ အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့သည်။

ကမာ္ဘ့မီဒီယာတို့၏ အာရုံမှာလည်း အိုလံပစ်ဖွင့်ပွဲကြောင့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၂၀) ပြည့်ခဲ့သည့် ထိုနေ့အပေါ် လျော့နည်းကျရောက်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။

သို့သော် … မြန်မာစစ်အစိုးရ၏ ရက်စက်ယုတ်မာသော အာဏာရှင်အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်ခွင့်ရရန် အသက်၊ သွေး၊ ချွေးများ ပေးဆပ်တိုက်ပွဲဝင်ခဲ့သော၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းတွင် အထင်ကရမှတ်တိုင်ကြီးတစ်ခုဖြစ်ခဲ့သော (၁၉၈၈) ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့ အရေးတော်ပုံကြီးအား မြန်မာပြည် ကို ချစ်မြတ်နိုးသော မြန်မာလူမျိုးတို့ အနေဖြင့် ဘယ်သောအခါမှ မေ့နိုင်လိမ့်မည် မဟုတ်သည်မှာကား အမှန်ပင်ဖြစ်ပါတော့သည်။

အောင်သာ  ( ရန်ကုန် – လူထုအသံ )

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here