သမိုင်းသစ် ဒို့လက်နဲ့ထုဆစ်မည်

သားချစ်

 မီဒီယာတခုနှင့် တွေ့ဆုံမေးမြန်းခန်း လုပ်ဖူးသည်။ မြန်မာပြည်၏ အခြေအနေကို ပြောပြပါဟု ဆိုလာသော အခါ မြန်မာပြည်သည် မီးတောင်ထိပ်ဝပေါ်သို့ ရောက်နေသည်နှင့် တူသည်ဟု မှတ်ချက်ပြုသည်။ မကြာခင် ရွှေဝါရောင် တော်လှန်ရေးကြီး တရပ် ဖြစ်ပွားပေါ်ထွန်းခဲ့သည်။ ဖိနှိပ်မှုရှိလျှင်

 

 

တော်လှန်အုံကြွမှု မလွဲမသွေ ဖြစ်ကိုဖြစ်မည်ဟု ပြောတော့ ဤဟာကြီးဟာ သီအိုရီကြီးဖြစ်ပါတယ်ဟု တော်လှန်သည့် မိတ်ဆွေတယောက်က မှတ်ချက်ပြုသည်။ သူနားမလည်၍သာ ဤကဲ့သို့ ပြောခြင်းဖြစ်သည်ဟုသာ ခံယူမိပြီး အငြင်းမပွားမိလိုက်။ မြန်မာပြည်တွင် ဖိနှိပ်မှုများ ရှိနေသ၍ တော်လှန်အုံကြွမှုများ မလွဲမသွေ ဖြစ်ပေါ်လာအုံး မည်ဟု ကျနော်က အခိုင်အမာ ယုံကြည်သည်။

 

လွန်ခဲ့သော ၁၉၉၀ကျော်က မိုးသက်ပြင်းသည့် အချိန်ကာလများ၌ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ရတော့မည့် လက်နက်ကိုင်တော်လှန်ရဲဘော်များအား စကားသုံးခွန်းပြောခဲ့ဖူးသည်။

 

အခြေအနေမပေးခင် ကျားသစ်လိုစောင့်ရမည်။

ရောက်သည့်နေရာမှာ အပင်ပေါက်ရှင်သန်နိုင်ရမည်။

လူထုဘဝကို မမေ့နဲ့ မျက်ခြေမပြတ်ကြစေနဲ့ ရန်ငါစည်းပြတ်ပါ

 

 ပြန်ရှင်းပြပေးပါဆို၍ ဤသို့ ရှင်းပြဖူးသည်။

ရပ်တည်ရေး အခက်အခဲဖြစ်လာသည့်အခါ ရပ်တည်ရေးထဲ လုပ်ရင်းလုပ်ရင်း မြုပ်သွားမည်ကို ကြိုမြင်မိသဖြင့် ကျားသစ်လို စောင့််ရမည်ဟု ပြောခြင်းဖြစ်သည်။ ၀မ်းစာရေးလုပ်ရင်း ၀မ်းစာရေးထဲမှာ မနစ်မြုပ်သွားစေလိုသာ စေတနာဖြင့် ကြိုမြင်၍ ပြောခဲ့ခြင်းပင်။ အခြေအနေ မပေးခင်တော့ ကျားသစ်လို စိတ်ဓါတ်မျိုးထားကို ထားရှိရမည်။ ကျားသစ်သည် သားကောင်ကို ပိုင်မှခုန်အုပ်သည်။ ထိုသို့ခုန်အုပ်သည့်အခါ အခြေအနေနှင့် အချိန်အခါကောင်းကို စောင့်လေ့ရှိသည်။ သားကောင်သည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မည်သည့်အခါမှ သူ၏ ၀ိရိယကို လျှော့သူမဟုတ်၊ သူ၏ အားစိုက်ထုတ်မှုကိုလည်း လျှော့သူမဟုတ်။ အချိန်အခါရောက်လာလျှင် အားနှင့်မာန်နှင့် လေအလျှင်ကဲ့သို့ ခုန်အုပ််သည်။

 

တော်လှန်ရေး စိတ်ဓါတ်ရှင်သန်နေသ၍ မည်သည့်နေရာဘဲ ရောက်ရောက် ရောက်သည့်နေရာ၌ တော်လှန်သည့်ပန်းတွွေ ရဲရဲနီနေဘို့ အရေးကြီးသည်။ တော်လှန်သွေးတော်လှန်စိတ်သည် ရန်ငါပြတ်မှုအပေါ်တွင် အခြေခံသည်။ ရဲသောသူသည် ရဲသော အလုပ်ကိုသာလုပ်မည်။ တော်လှန်ရေး စိတ်ဓါတ်အမြဲရှင်သန်ရင့်သန်နေရမည်။

 

အထက်ပါ အခြေခံသည် အတွေးအခေါ်နှစ်ခုသည်ကား လူထုဘဝလွတ်မြောက်ရေး တိုက်ပွဲအတွက် ပြင်ဆင်ရမည့် အခြေခံ စဉ်းစားသည့် အတွေးအခေါ်ဖြစ်သည်။ လူထုဘဝအား မျက်ခြေမပြတ်လေလေ လူထုနှင့် တော်လှန်ရေး သမားသည် တသားတည်း ဖြစ်လေလေဖြစ်သည်။ လူထုဘဝအား မျက်ချေပြတ်သွားပါက ကိုယ်ကျိုးဝါဒီ သမားများဖြစ်ရန် သေချာနေပြီ ဖြစ်သည်။ တသားတည်းဖြစ်နေသမျှ ကာလပါတ်လုံး လူထုနှစ်လုံးသားနှင့် ကိုယ့်နှစ်လုံးသား နှစ်ကိုယ့်တစိတ် ဖြစ်စေသည်။ လူထုခံစားချက်သည် ကိုယ့်ခံစားချက် ဖြစ်လာသည်။ ခံစားချက်မှ ခံယူချက်များ ပေါ်လာသည်။ ခံယူချက်များမှတဆင့် သဘောထားများ ဖြစ်လာသည်။ လူထုအား ဒုက္ခပေးနေသူမည်သူ။ ဖိနှိပ်သူမည်သူ။ အဖိနှိပ်ခံများသည် မည်သူ။ ကိုကွဲကွဲပြားပြား ခွဲခွဲခြားခြား သိနိုင်မည် ဖြစ်သည်။  ဖိနှိပ်မှု၏ သဘောသဘာဝများနှင့် တော်လှန်ခြင်း သီအိုရီများသည် လူထုကို လေ့လာခြင်းနှင့် လူထုထံမှသာ အခိုင်အမာ ပေါက်ဖွားလာလေ့ရှိသည်။

 

ပြည်သူနဲ့လက်တွဲလို့သာအတည်၊ ပြည်သူကို ငါတို့အမြဲယုံသည်။ ပြည်သူအတွက် အလုပ်အကျွှေးပြုကာ အတည်။ ..သည်ကား ကျနော်တို့ တလျှောက်လုံးစွဲမြဲစွာကိုင်စွဲလာခဲ့သည့်မူ……………..။ လူထုဘဝအား မြက်ခြေပြတ်သွားလျှင် ကိုယ့်တဦးတည်းဘဝကိုသာ ဇောင်းပေးသွားလေ့ရှိသည်။ အများဆိုသည့် အများကောင်းစားရေးမှ မိမိတကိုယ်ရေကောင်းစားရေးဘက်သို့ ဦးလည်သွားတတ်သည့်အတွက် လူထုကို မျက်ခြေမပြတ်နှင့် ဆိုသည့် တော်လှန်လက်စွဲစကားပေါ်လာရခြင်းဖြစ်သည်။

 

ဤသို့ဖြင့် လုပ်ဖေါ်ကိုင်ဖက်တိုက်ဖေါ်တိုက်ဖက်များအား ဤစကားသုံးခွန်းကို အထက်ပါကဲ့သို့့ ရှင်းလင်းပြခဲ့သည်။ လေထဲမိုးထဲရေထဲမှာ ရပ်တည်နေကြရသည့် ကျနော်တို့ရဲဘော်များအတွက် ကျနော်၏စကားသည် အားဆေးတခွက်၏ ယုံကြည်သည်။

 

မရှိရာမှ ရှိရာသို့ သွားသောဖြစ်စဉ်ကြီးတွင် တော်လှန်ရေးသမားများ၏ အခက်အခဲများသည် စာဖွဲ့၍ မကုန်နိုင်။ လူဆိုသည်ကား ပေးဆပ်ခြင်းထက် ပိုင်ဆိုင်မှုအတ္တကိုသာလျှင် တပွေ့တပိုက်ကြီးဖြင့် ထွေးပိုက်ထားလေ့ရှိသည်။ လူထဲမှ လူသားများဖြစ်သော တော်လှန်ရေးသမားများသည် လောကဓံတရားများနှင့် တွေ့တိုင်း ငါးကို ဆားနှင့်ပက်သကဲ့သို့ ဖြတ်ဖြတ်လူးလေ့ရှိသည်။ သို့သော်…………..။

 

အခြွေအရံနည်းခြင်း..အခြွေအရံများခြင်း၊ ဂုဏ်ရှိခြင်း…ဂုဏ်မဲ့ခြင်း၊ ဆင်းရဲခြင်း..ချမ်းသာခြင်း စသည့် လူ၏ အတ္တခွံထဲမှ အနှစ်များကို မြတ်စွာဘုရားက သဗ      ညုတညာဏ်တော်ဖြင့် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။ ကြော့ကြော့မော့မော့ဖြင့် ၀တ်စားဆင်ရဲမှုကို မြင်ရတိုင်း၊ တိုက်တာအဆောက်အအုံများဖြင့် ခန့်ခန့်ညားညား နေထိုင်နေသည်ကို မြင်ရတိုင်း၊ အခြွေအရံများဖြင့် တပျော်တပါးသွားလာစားသောက်နေသည်ကို မြင်တိုင်း၊ အိတ်ဖေါင်းနေသူများကို မြင်ရတိုင်း၊ ၀င်းဝင်းပြောင်ပြောင် ဖြစ်နေသည့် မိသားစုများ စုံစုံလင်လင်ဖြင့် မြင်ရတိုင်း ဖြတ်ဖြတ်လူးမိသော စိတ်ကို အနုလုံပဋိလုံ ဆင်ခြင် ထိမ်းချုပ်ကွပ်ကဲ ရတော့သည်။

 

အစားကောင်း အသောက်ကောင်း စားရတိုင်း ငါတို့လူထု ထမင်းတောင် နပ်မှန်အောင် စားသောက်နိုင်ခြင်းမရှိ၊ ကားကောင်းစီးရတိုင်း ငါတို့လူထု ချွှေးသီးပေါက်များဖြင့် လိုရာခရီးကို ခြေလျင်ဖြင့် သွားနေရသည့်အဖြစ်၊ တိုက်ကြီးတာကြီးထဲဝင်ရောက်မိတိုင်း ကြယ်မြင်လမြင့် အမိုးအကာမရှိယိုင်နဲ့နေသော တဲကုပ်လေးများဖြင့် နေနေကြရသည့် လူထုဘဝ၊ သားသမီးများက အဝတ်အစားလှလှလေး၊ဖိနပ်ကောင်းကောင်းလေး လေးပူဆာတိုင်း အဖာတရာနှင့် မွဲညစ်ညစ်ဝတ်ဆင်နေကြသည့် ခလေးငယ်များကိုသာ မြင်ယောင်နေမိတော့သည်။ ဇနီးသည်၏ ကိုယ့်အိုးကိုယ့်အခန်းနှင့်အတူနေရန်ပြောလာသည့်အခါတိုင်း  အိုးအိမ်မဲ့ ခြေသလုံးအိမ်တိုင်ဘဝနှင့် တောတိုးတောင်တက်နေသော လူထုများ၊ လမ်းဘေးတွင် မိုးကာခင်း၍ အိပ်နေကြရသောလူထုများကို မြင်ယောင်မိသည်။ တပျော်တပါးသွားလာစားသောက်နေကြသော အခြားနိုင်ငံသားများကို မြင်ရတိုင်း တနေကုန်ဖတ်ဖတ်မောအောင် ကြက်ယက်သကဲ့သို့ စီးပွားရှာဖွေစားသောက်နေကြရသည့် နေလောင်သည့် လူထု၏ မွဲခြောက်ခြောက်မျက်နှာများသည်သာ အာရုံမှာ တဝဲလည်လည်။

 

ယနေ့နအဖစစ်အုပ်စု၏ ဖိနှိပ်မှုများသည်ကား စာဖွဲ့၍ မကုန်။ နိုင်ငံရေးအရဖိနှိပ်မှု၊ စီးပွားရေးအရဖိနှိပ်မှု၊ ကျန်းမာရေး၊ပညာရေး၊ လူမှုရေးဖိနှိပ်မှုများစွာတို့ကြောင့် လူထု၏ဘဝသည်ကား နင်းပြားဘဝ၊ မော်ဖူးစေမှ ဖူးနေရသည့်ဘဝမျိုး။ ယနေ့ခေတ်သည်ကား အသက်ဦးခေါင်းပိုင်ဆိုင်သည့် ပဒေသရာဇ် ရှင်ဘုရင်ခေတ်ထက်ပင် ဆိုးဝါးပြင်းထန်လှသည်။ တခြိမ်းတခြိမ်းအာဏာလု၊လူသတ်ပွဲဆင်နွဲတတ်သည့် ပဒေသရာဇ်ခေတ်တွင်ပင်လျှင် သာသနာပိုင်များ၏ စကားများအား ဘုရင်က မညှင်းသာ။ မပယ်ဖျက်။

 

ဗိုလ်သန်းရွှေနှင့် ဗိုလ်ချုပ်တစု သည်ကား သာသနာပိုင်လည်းစော်ကား၊ သာသနာကိုလည်းစော်ကားသည့်အတွက် စစ်အာဏာရှင် စစ်ဘီလူးခေတ်ဟုပင် ခေါ်ဆိုလျှင် ရလောက်ပေသည်။ အမိမြန်မာပြည်ကြီးက ဝေသာလီပြည် ဘီလူးသရဲဝင်စီးနေသကဲ့သို့ပင် အခြေအနေဆိုက်ရောက်နေပေပြီ…။ ယနေ့အချိန်သည်ကား လူထုဘဝ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲပေါင်းစပ်ရုံမှတပါး အခြားမရှိတော့ချေ။ တလျှောက်လုံးကိုင်စွဲလာသည့် အမှန်တရားလက်နက်သည်ကားရရင်ရ။ မရင်ချ ဖြစ်သည်။ ၈၈-မှ မွေးဖွားပေးလိုက်သော တိုက်ပွဲသဏ္ဍာန်ဖြစ်သည်။ မိမိတိုင်းပြည်ရေမြေတောတောင်သဘာဝနှင့် နိုင်ငံရေး အခြေအနေများ၊ ဖြစ်တည်လာခဲ့သော သမိုင်းများ၊ လူထုအခြေအနေများ၊ စစ်အုပ်စု၏ အခြေအနေများက ထိုတိုက်ပွဲဆီသို့သာ ဦးတည်သွားလျှက်ရှိနေပေသည်။

 

ယခုအချိန်သည်ကား.. လူထုမှ အပြောင်းအလဲကို အထူးလိုချင် အတောင့်တဆုံးအခြေအနေဖြစ်နေသည်။ ရွှေဝါရောင်တော်လှန်ရေးကြီး ပြီးသည့်နောက် လူထုမှ အဖြူအမဲကို သဲသဲကွဲကွ ဲမြင်ခွင့်ရလိုက်ပြီ ဖြစ်သည်။ လူထုတရပ်လုံးသည် ရန်ငါကို မြင်သွားကြပြီဖြစ်သည်။ ထိုလူထုစိတ်ဓါတ်အပေါ် အခြေခံ၍ ကျနော်တို့တော် လှန်ရေးသမားများက ကိုယ်စွမ်းဉာဏ်စွမ်းထုတ်ကာ အစွမ်းကုန် တိုက်ပွဲဝင်ကြရတော့မည့် အရေးကြီးသော အချိန်ဖြစ်လာနေသည်။ လူထုသည် မည်သို့သော အချိန်ခေတ်ကာလမှစ၍ သစ္စာ မဖေါက်ဘူးခဲ့။ နယ်ချဲ့တော်လှန်ရေးသမိုင်း၊ ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ဂဂ-အရေးတော်ပုံတော်လှန်ရေးသမိုင်း ထိုထိုသောသမိုင်းများတွင် လူထု၏သတ္တိသွေးကို မြင်ခဲ့ကြရသည်။ ရွှေဝါရောင်တော်လှန်ရေး ကြီးတွင်လည်း သေနတ်နှင့် ဂျိုလုပ်တတ်သည့် သတ္တိရှင်သတ္တဝါများကို ရရာခဲ နှင့် တိုက်ပွဲဝင်ရဲသည့် လူထုကို မြင်တွေ့ကြရမည်ဖြစ်သည်။ လူထုသည် အရေးကြံုလျှင်သက်လုံကောင်းသည်။

 

လူထုရှေ့ရှိ၊ တပ်ဦးထိပ်တွင် အလံကိုင်၍ ထွက်လာမည့်သူများကယနေ့ကာလတွင် ပို၍ အရေးကြီးလာနေသည်။ မိမိသည် တပ်ဦးထိ်ပ်တွင်ရောက်နေသလား၊ တပ်ဦး၏အလံကို အခိုင်အမာဆုပ်ကိုင်ထားနေပြီလား ဆိုသည်ကိုမူ မိမိသာ မိမိသိကြပေလိမ့်မည်ဖြစ်သည်။ မြန်မာလူထုကြီး၏ သဘာဝ၊အစဉ်အလာသည်ကား ရဲရဲအလံထူသည့်နောက်သို့ တစိုက်မတ်မတ်လိုက်လေ့ရှိသည်ကိုမူ မမေ့အပ်ပေ။ ၈၈-အရေးတော်ပုံကာလ၌ အလံထောင်၍ ချီတက်ခဲ့သော ကျောင်းသူလေးများ၏နောက်သို့ပင် လူထုက လိုက်ခဲ့သည့် သာဓက ရှိခဲ့သည်။

 

၁၉၈၈ခုနှစ် ကျောင်းသားများဦးဆောင်ပြီးတိုက်သည့် တိုက်ပွဲတွင် လူထုတရပ်လုံးသည် လှည်းနေလှေ အောင်းမြင်းဇောင်းပါမကျန် ပါ၀င်ခဲ့သည်ကို အားလုံးသိပြီးဖြစ်သည်။ ဒေါက်တာမောင်မောင်က အရေးတော်ပုံကြီးကို သေးသိမ်စေရန် အိမ်ရှင်မများ ကျန်နေပါသည်ဟု ပြောခဲ့သဖြင့် ငရုတ်ကျည်ပွေ့များ၊ စကောများ၊ ငရုတ်ဆုံများကိုင်၍ အိမ်ထဲမှထွက်လာကာ လမ်းများပေါ်၍ တခဲနက်ကြွေးကြော်၍ တပါတီ အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားတိုက်ပွဲဝင်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားမဟုတ်ပါလား….။

ယခုရွှေဝါရောင်တော်လှန်ရေးကြီးတွင်လည်း လူထုသည် အသည်းကောင်းကောင်းဖြင့် တိုက်ပွဲဝင်မှုကို တကမ္ဘာလုံးက သိရှိခွင့် ရသွားခဲ့ပေပြီ..။ ယနေ့ လူထု အလိုအပ်ဆုံးသည်ကား…….။

 

ပြတ်သားသည့်အတွေးအခေါ်၊ခိုင်မာတောင့်တင်းသည့် ဦးဆောင်မှု ထိရောက်သည့်တိုက်ပွဲ၊များဖြစ်သည်။

ပြတ်သားသည့် အတွေးအခေါ်ရှိမှသာလျှင် ခိုင်မာသည့်ဦးဆောင်မှုရှိမည် ဖြစ်သည်။ ခိုင်မာသည့် ဦးဆောင်မှု ရှိမှသာလျှင် ထိရောက်သည့် တိုက်ပွဲများကို ဖေါ်ထုတ်ပေးနိုင်မည်ဖြစ်သည်။

 

တော်လှန်ကျောင်းသားများသည်ကား စစ်အာဏာရှင်စနစ်ကို ရန်သူဟု ပြတ်ပြတ်သားသားသတ်မှတ်သည်။ အာဏာရှင်၏ သဘောထား၊ အတွင်းသရုပ်ဗီဇအမှန်ကို သိထားသော တော်လှန်ကျောင်းသားများသည် အိုးကပ်ထဲမှ ဂျိုးထမင်းကိုစားကာ လူထုအတွက်၊ တော်လှန်ရေးအတွက် အခိုင်အမာရပ်နေခြင်းကိုက လူထုကို သစ္စာမဖေါက်ခြင်းပင်ဖြစ်သည်။ လူထုကို သစ္စာမဖေါက်သရွေ့၊ အမှန်တရားအပေါ် သစ္စာရှိခြင်း ပင်ဖြစ်သည်။ အမှန်တရားကို သစ္စာရှိခြင်းသည် ဓမ္မအပေါ်သစ္စာရှိခြင်းဖြစ်သည်။ ယနေ့တိုက်ပွဲသည်ကား ဓမ္မနှင့် အဓမ္မတိုက်ပွဲ…။ တရားသည့်သူသာ နိုင်ရမည်ဖြစ်သည်။ မတရားသည့်သူနိုင်သွားသည်ဟူ၍ ဤမြေဝသုန်ကမ္ဘာကြီး၌ မကြံုဘူး၊ မတွေ့ဘူး။ မကြားဘူးခဲ့ချေ……။

 

အာဏာရှင်များ၏ စဉ်းစားချက်သည်ကား လက်တစုပ်စာလူတစုကောင်းစားရေးနှင့် အာဏာ ကုလားထိုင်မြဲရေးပင်ဖြစ်သည်။ ထိုအရေးကိုထိပါးလာလျှင် ဘာသာ၊သာသနာကိုပင်လျှင် ချေမှုန်းလေ့ရှိ သည်ကို ရွှေဝါရောင်တော်လှန်ရေးက သက်သေပြလိုက်ပြီဖြစ်သည်။

 

ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည်ကား ပြီးဆုံးသွားချေပြီ..။ စနစ်တခုကောင်းဖို့ အချိန်ယူရန်လိုသည်ဟု အမျိုးသားညွန်ပေါင်းအစိုးရမှ နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောဆိုခဲ့သော်လည်း နိုင်ငံတကာအခင်းအကျင်းကြီးက ဂမ်ဘာရီအား တရားဝင်မန်းဒိတ်ပေးရန် ပိတ်ဆို့ထားနေလေပြီ။ မီးလောင်ပြီးမှသာ ရေမပါသည့် မီးသတ်ကားရောက်လာသည့် ပုံစံမျိုး၊ မင်းသားက လူဆိုးများအားဝိုင်းဝန်းထိုးကြိတ်အနိုင်ယူပြီးမှသာလျှင် ပြည်သူရဲတွေဝိုင်းသည့်ပုံစုံမျိုးကို် ကုလသမဂ္ဂ ပုံဖေါ်လျှက်ရှိနေသည်။ တရုပ်နှင့်ရုရှားရှိနေသ၍ မြန်မာ့အရေးလုံခြံုရေးကောင်စီရောက်ဖို့ထက် ရေပေါ် အရုပ်ရေးသည်ကမှ သေချာပေလိမ့်မည်။

 

ထို့ကြောင့် အတ္တာဟိအတ္တာနောနာထောသည် အဓိကကြလာနေပေသည်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကောင်းဆုံးကို မျှော့်လင့််၊ အဆိုးဆုံးကိုပြင်ဆင်ထား ဆိုသည့်စကားသည်ကား မင်းကိုနိုင်၏ မြန်မာ့သတ္တိ ကမ္ဘာကို ပြကြရတော့မည်ဟူသော ကြွေးကြော်သံနှင့် တထပ်တည်းဖြစ်လာနေပေ ပြီ……။

အကောင်းဆုံးကိုမျှော်လင့်ထားသည်ကား…..။ တွေ့ဆုံဆွေးနွေးရေးစကားဝိုင်း

အဆိုးဆုံးအတွက် ကျနော်တို့၏ ပြင်ဆင်မှုသည်ကား………။

အတွေးအခေါ်

စိတ်ဓါတ်

တိုက်ပွဲများ

တိုက်ပွဲပေါ်အခြေခံသည့် တိုက်ပွဲနည်းနာများပင်ဖြစ်တော့သည်။

ယနေ့အချိန်သည်ကားပြတ်သားသည့် အတွေးအခေါ်တရပ်စိုက်ထူ၍ တိုက်ရချေတော့မည်။

 

ကိုယ့်ခြံထဲကိုဝင်၊ ကိုယ့်အိမ်ကိုဖျက်၊ ကိုသားမယားကိုစော်ကား၊ ကိုယ့်ထမင်းကို ရိုက်ခွဲ၊ ကိုယ့်အိမ်ပေါ်ချေး တက်ပါနေသော သူတွေအား မေတ္တာလက်နက်ဖြင့်ဖြင့် တုံ့ပြန်၍ မရနိုင်တော့။ ဒါးဆွဲလျှင်ဆွဲ၊ လှံဆွဲလျှင်ဆွဲ၊ ဂျင်ဂလိထုတ်ရင်ထုတ် “ချ” မှ ရတော့မည့် အခြေအနေသိုု့ ဆိုက်ရောက်လာပြီဖြစ်သည်။ ရရင်ရ မရရင်ချတိုက်ပွဲ စိတ်ဓါတ်အပေါ်၌ ပြင်ဆင်မှုများပြုလုပ်ရတော့မည်။ ယနေ့အာဏာရှင်များသည်ကား ငြိမ်းတော့မည့်မီး အစွမ်းကုန်လောင်ပြနေခြင်းသာ ဖြစ်သည်။

 

၁၉၈၈-အရေးတော်ပုံကြီး၌ ကျောင်းသားများသွေးမြေခပြီး စစ်အုပ်စုကြောင့် အနယ်နယ်အရပ်ရပ်သို့ ဖြန့်ခွဲသွားခဲ့ရသည်။ ထိုသို့ဖြန့်ခွဲရောက်ရှိသွားခြင်းက မိမိတို့ဒေသဆိုင်ရာများ၌ စစ်အုပ်စု၏ ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့ပုံများကို လူထုကြား၌ ဖွင့်ဟပြောဆိုခဲ့သည့်် တိုက်ပွဲဝင်ကြမည့် စည်းရုံးရေးသမားများ၊ စစ်အာဏာရှင်ကို တပ်ဦးမှနေ၍ အလံကိုင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးသမားများ ဖြစ်သွားခဲ့ကြသည်။ သူတို့သည် ဒေသအသီးသီး၌ အာဏာရှင်တိုက်ဖျက်ရေး တာဝန်များကို ကျေပြွန်စွာထမ်းဆောင်ခဲ့ခြင်းကြောင့် တပါတီအာဏာရှင် ကျဆုံးခဲ့ရသည်။ ရွှေဝါရောင် တော်လှန်ရေးအတွင်း၌ ပြန့်နှ့ံထွက်သွားသော သံဃာတော်အရှင်မြတ်များသည်ကား ကိုယ့်မြေကိုယ်ရေ ဒေသအသီးသီး၌ စစ်အုပ်စုကို တွန်းလှန်ဖြိုချမည့် တိုက်ပွဲဝင် စည်းရုံးရေးသမားများဖြစ်ကုန်ကြချေပြီ…။

ကျောင်းသားက ကိုယ့်မိသားစုနှင့် ကိုယ်ဆွေမျိုးတစုကိုသာ စည်းရုံနိုင်ကောင်းစည်းရုံနိုင်မည်။ သာသနာအကျိုးကို သယ်ပိုးထမ်းရွက်နေသော သံဃာတော်အရှင်မြတ်များ၏ စည်းရုံးနိုင်မှုစွမ်းအား သည်ကား……..။

 

သာသနာဆိုသည်ကား မြတ်စွာဘုရား၏ တရားတော်ဆုံးမစကားများ..။ ကမ္ဘာ အသချေင်္ ပျက်သော်လည်း ထိုတရားတော်များသည်ကား လုံးဝပျက်စီးသွာမည် မဟုတ်သော(absolute truth)များသာ ဖြစ်သည်။ ဗုဒ္ဒမြတ်စွာဘုရား၏ သာသနာတော်ကို စောင့်ထိမ်းကုန်ကြသော ကိုယ်တော်များသည်ကား သာသနာအကျိုး၊ လူမျိုးအကျိုးကို ဖျက်စီးနေသော မိစ္ဆာဒိဌိများကို အသက်ပေး၍ ထပ်မံကာကွယ် တိုက်ခိုက်ကြအုံးမည် ဖြစ်သည်။ မြန်မာလူမျိုးများ၏ အစဉ်အလာသည်ကား ဦးဆောင်မှုကောင်း နောက်သို့ တစိုက်မတ်မတ်လိုက်လေ့ရှိသောသူများဖြစ်သည်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ပြတ်ပြတ်သားသား ပြောလိုက်သည့် စကားသည်ကား…တိုက်ပွဲလမ်းညွှန် ဖြစ်သကဲ့သို့ လူထုကြီးတရပ်လုံးအား ခေါင်းဆောင်မှု၊ ဦးဆောင်မှုကိုု ပေးလိုက်ခြင်းဖြစ်ပေသည်။ သွေးထွက်သံယိုမှု အနည်းဆုံးဖြစ်သည့် အကြမ်းမဖက်အနုနည်းဖြင့် တော်လှန် တွန်းလှန်ခဲ့သော်လည်း ဒီပဲရင်းလုပ်ကြံမှုကြီးတွင် အသတ်ခံရမှုများ၊ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် ရဟန်းသံဃာများအား ရက်ရက်စက်စက်၊ သင်္ကန်းပင်မထောက်ညှာ၊ ဘုရားကိုပင်မချန် သတ်ဖြတ်ရိုင်းစိုင်း စော်ကားသော စစ်အုပ်စုကို အဆိုးဆုံးပြင်ဆင်ကြ ဟူသော ရာဇသံ ပေးလိုက်ပြီဖြစ်သည်။

 

ခေါင်းဆောင်မှု၊ တိုက်ပွဲဝင်စိတ်ဓါတ်၊ လူထုစည်းရုံးမှုများက နောက်မကြာမှီပေါ်လာတော့မည့် တိုက်ပွဲတွင် အဓိက အခရာကျလာနေပြီဖြစ်သည်။

(ခွပ်ဒေါင်းနဖူးစည်း……….. ရှာပြီးပြင်ထားပါ)

(ပိုစတာကားချပ်……. ရေးဖို့ပြင်ထားပါ)

(ဂျင်ဂလိကိုလည်း…….. မြိနေအောင်သွေးထားပါ)

 

သားချစ်

၅-၄-၂၀၀၈

အချိန် ည ၁း၃၀

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here